👧 မိန်းကလေးတစ်ယောက်ကို သင် တွေ့တဲ့အခါ ➰
💓💓💓💓💓💓💓💓👧
သင်ဟာ မိန်းကလေး တစ်ယောက်ကို အခုမှ လမ်းမှာ ဖြတ်သွားရင်း တွေ့လိုက်တယ် ဆိုပါတော့။ သူ့ရဲ့ တင်ပါးကို သင် လိုက်ကြည့်မိတယ် ဆိုပါတော့။
" သူ့ ကိုယ်ခန္ဓာကတော့ ဖြောင့်တယ်ကွာ။ ဟိုတစ်ယောက် ကတော့ ပြားချပ်ချပ်ပဲ " လို့ တွေးမိခဲ့သလား။ ကျွန်မ သိချင်တာလေးတွေ ကို ပြောရင်း ဆွေးနွေးပါရစေ။
" ရုပ်ဆိုးတယ်နော် ။ ဒါပေမယ့် ချစ်စရာလေးပါ " ပထမဆုံး စ တွေ့တာ ဖြစ်ဖြစ် အနေကြာ ခင်မင်လာတဲ့ သူငယ်ချင်းဖြစ်ဖြစ် တွေ့တာနဲ့ တန်းပြောတဲ့ စကားက အဲ့ဒီ စကားပါပဲ။
ဒီထက်ပိုပြီး ပြောတတ်တဲ့ လူတွေကတော့ " အရပ်ပုတယ်နော် " တို့" တရုတ် စပ်သလား ? နှာခေါင်းပြား နေလို့ မေးတာပါ " တို့ " ဆံပင်ကို ရှေ့ချတဲ့စတိုင်ပဲ ထားတာပေါ့။ နဖူးက လေယာဉ် ဆင်းလို့ရလောက်အောင် ပြောင်နေတာကိုး " တို့ " ဟယ် ပိန်ပိန်လေး။ မိန်းကလေး ဖြစ်ပြီး ရှိသင့်တာတွေ မရှိဘူး " တို့ အဲ့လို စကားတွေပဲ အမြဲ ကြားခဲ့ရပါတယ်။
ကောင်လေးတွေကလည်း ရည်းစားစကား ပြောကြရင်
" ရုပ်မချောပေမယ့် ချစ်စရာလေးမို့ ချစ်မိပါတယ် " ဆိုတာမျိုး တွေ " အရပ်ပုပုလေး " ဆိုတာမျိုးတွေ ထည့်ပြောတတ်ကြပါတယ်။
တစ်ခါတစ်လေ ကျွန်မ ညဘက်တွေ အိပ်မပျော်ဘူး။ ကျွန်မကိုယ် ကျွန်မ စဉ်းစားတယ်။ ကျွန်မဟာ မိဘလုပ်စာ ထိုင်စားနေရတုန်းပဲ ဆိုပေမယ့် အိမ်မှာ ကိုယ့်အဝတ် တစ်ခါတစ်လေ အမေ့အဝတ် တွေပါ ကိုယ့်ဘာကိုယ် လျှော်ဖွပ် မီးပူတိုက်ပြီး ဝတ်သူပါ။ ကိုယ့်ဘာကိုယ် ထမင်းချက် စားသူပါ။ အပ်ချုပ်စက်နဲ့ ချိတ်ထမီ ချုပ် တတ်ပြီး နွေးအောင်ပတ်ရုံ မာဖလာလောက်တော့ ထိုးတတ်သူပါ။ ကျွန်မ မြန်မာမုန့် တော်တော်များများ လုပ်တတ်ပါတယ်။ ဥပမာ ခေါက်မုန့်၊ မုန့်လက်ကောက်၊ မုန့်လုံးရေပေါ်၊ မုန့်ဗိုင်းတောင့်၊ ငှက်ပျောသီးမုန့်။ စတာတွေပေါ့။
တခြားသော ကျွန်မ လုပ်တတ်တဲ့ အရာတွေကို ကျွန်မ ထည့်မပြောတော့ပါဘူး။ ဒါတွေကို ပြောပြတာဟာ ကြွားဖို့အတွက် မဟုတ်ပါဘူး။ ဒါတွေ ပြောပြနေတာဟာ ကျွန်မ ပုတယ် သေးတယ် နှာခေါင်းပြားတယ် ဆိုတာတွေကိုသာ လူတွေမြင်ကြပြီး ဒါတွေကို သိကြတာ မဟုတိပါဘူး။ body shaming လုပ်တာကို တားချင်တာလား ကြွားချင်တာလား လို့ ခပ်ပေါပေါ တွေးမယ်ဆိုရင်လည်း ကိုယ့်စိတ်နဲ့နှိုင်းလိုက်ပါ။
ဒါပေမယ့် မိန်းကလေးတိုင်း ယောက်ျားလေးတိုင်း စီမှာ တစ်ခု ထက် ပိုတဲ့ သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ တတ်မြောက်မှုတွေ ရှိပါတယ်။ အဲ့ဒီ အရည်အချင်းတွေထက် လူတွေက ဘာလို့များ အပေါ်ယံက အရေခွံ ကို ပို မြင်တတ် ပြောတတ် အပြစ်တင်တတ်ကြတာလဲလို့ နှိုင်းယှဉ် ပြချင်တာပါ။
မေးခွန်းတစ်ခု မေးရရင် မိန်းကလေးတစ်ယောက် အရပ်ပုနေတာက ထမင်း မချက်တတ်တာထက် ပိုကြီးတဲ့ ပြသနာလား ? မိန်းကလေး တစ်ယောက် ရုပ်ဆိုးနေတာက အဝတ် မလျှော်တတ်တာထက် ပိုဆိုးနေတာလား ? မိန်းကလေးတစ်ယောက် နှာခေါင်းပြားနေတာက အိမ်သန့်ရှင်းရေး လုပ် မလုပ်ဆိုတာထက် ပိုကြီးမားတဲ့ ဒုက္ခလား ?
သင်ဟာ မိန်းကလေးတစ်ယောက်ကို အခုမှ လမ်းမှာ ဖြတ်သွားရင်း တွေ့လိုက်တယ် ဆိုပါတော့။ သူ့ရဲ့ တင်ပါးကို သင် လိုက်ကြည့်မိတယ် ဆိုပါတော့။ ဒါဟာ ပြသနာ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ မိန်းမချင်းတောင်မှ လှတဲ့ မိန်းကလေးတွေတွေ့ရင် ငမ်းမိတတ်လို့ လိင် ကွဲပြားတဲ့ ယောက်ျားလေးတွေက လိုက်ငေးတယ်ဆိုတာ ကြီးမားတဲ့ ပြသနာ မဟုတ်ပါဘူး။ တကယ့် ပြသနာက အဲ့ဒီက ရလာတဲ့ နောက်ဆက်တွဲတွေပါ။
များသောအားဖြင့် ရုပ်ရည်ချောမောပြီး အရပ်ရှည် ကိုယ်လုံးလှတဲ့ သူတွေဟာ နေရာ ပိုရတတ်ပါတယ်။ ဥပမာ လေယာဉ်မယ် တို့ Miss ပြိုင်ပွဲတို့ ပေါ့။ အဲ့ဒါဟာ လုပ်ငန်း သဘောအရ လိုအပ်မှုကို ရွေးချယ်ကြတာဖြစ်ပေမယ့်
လက်တွေ့ဘဝထဲမှာ လူအချင်းချင်း တွေ့တာနဲ့ တစ်ယောက်ယောက်ရဲ့ ပုံစံကို တန်းကနဲ စော်ကားလိုက်ဖို့ဆိုတာ အလွန် အောက်တန်းကျလွန်းပါတယ်။
တစ်နေ့က မုန့်ဟင်းခါးဆိုင်မှာ ထိုင်နေတုန်း စားလက်စ မိန်းမက ဆိုင်ထဲကို ဝင်လာတဲ့ မိန်းမဆီ လှမ်းကြည့်ရင်း ပြောတယ်။
" ဟယ် နင် ဝတုတ်နေတာပဲ။ ဒီအတိုင်းဆို အသားတိုးလာတော့ ရောင်းစားပေါ့အေ။ ဒီလောက် ဝတို နေတာတောင် အစားအသောက်က မလျှော့ဘူးလား " ဆိုပြီး ဝတယ် ဆိုတဲ့ စကားကို ထပ်ခါထပ်ခါ ပြောနေတယ်။ ဝင်လာတဲ့ မိန်းမ က အီလည်လည်နဲ့ ခေါင်းငုံ့ခံနေပါတယ်။ ပြောနေတဲ့ မိန်းမကို ကြည့်မိတော့လည်း မခြားမနား ခန္ဓာကိုယ်ပါပဲ။ သူဘယ်လိုများ ပြောထွက်ခဲ့တယ် မသိဘူး။
ကျွန်မဘဝမှာ လူတစ်ယောက်ကို မြင်တာနဲ့ သူ့မျက်နှာ ၊ သူ့ခန္ဓာကိုယ်ကို သူတို့ မကြိုက်တာမျိုး လူလေးယောက် တိတိကို ပြောခဲ့ဖူးပါတယ်။
တစ်ယောက် ကိုတော့ " နင် ဝ လာလိုက်တာဟယ်။ အလှုပ်အရှား မလွယ်ရင် ပင်ပန်းမှာပေါ့ "လို့ ပြောခဲ့တယ်။ အစ်မ တစ်ယောက်ကိုလည်း " ပိန်ပိန်လေးတော့။ သမီးထက်တောင် ပိန်တယ် " လို့ပြောခဲ့တယ်။ ထားပါတော့။
ကျွန်မဘဝမှာ အဲ့ဒီလို လေးခါ ပြောခဲ့မိကတည်းက အခုချိန်ထိ သူတို့ကို ပြောခဲ့တာနဲ့ မမျှအောင် ပက်ပက်စက်စက် အပြောခံခဲ့ရတယ်။ ဘီလူးပေါက်ကလေးနဲ့ တူတယ်တို့ ဂြိုဟ်သားလိုလို အီးတီလိုလို တို့ အရူးမလေးလား တို့ပေါ့။ ကျွန်မ ဝဋ်လည်နေတာ နောက်ဘဝ ဆိုတာကို မကူးခဲ့ပါဘူး။
ဒါပေမယ့် အဓိက ပြောချင်တာက
သင်ဟာ လူတစ်ယောက်ကို တွေ့တာနဲ့ သူ့အသွင်အပြင် သူ့ခန္ဓာကိုယ်ကို တန်းကနဲ စော်ကားလိုက်လို့ ရပါတယ်။ ဒါပေမယ့် သင့်ကို တစ်ယောက်ယောက်က ပြန်ပြောတဲ့အခါ မနာကြဖို့ပါပဲ။
ဆိုလိုတာက လူတစ်ယောက်နဲ့ တစ်ယောက်ဟာ စ သိသိချင်း ဘာမှ သေချာ နားလည်ကြတဲ့ သတ္တဝါတွေ မဟုတ်ပါဘူး။ အရပ်ပုတဲ့ မိန်းကလေးတစ်ယောက် ဆီမှာလည်း သူ့အရပ်နဲ့ မဆိုင်တဲ့ ထူးချွန်မှုတွေ ရှိနေနိုင်တာပဲ။
ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်ဟာ တော်တော် သေးပြီး ရုပ်မချောပါဘူး။ သူ့ချစ်သူက တစ်ချိန်လုံး သူ့ကို ဝေဖန်နေလို့ သူ ကျွန်မကို ရင်လာလာဖွင့်ပြီး ငိုတတ်ပါတယ်။ သူ့ကောင်လေးက ပြောတယ် တဲ့။ သူငယ်ချင်းတွေကတောင် ငါပိုချောတယ် မင်းစော်က မချောလည်း မချောဘူး တဲ့။ မင်းစော်က ပိန်သေးသေးနဲ့ကွာ တဲ့။ အဲ့ဒါတွေပြောပြီး သူ Gym ဆော့ဖို့တောင် ကြိုးစား လိုက်ပါသေးတယ်။ ဒါပေမယ့် သူတို့အိမ်က အပြင်ထွက်ရ ခက်တာနဲ့ ငွေမတတ်နိုင်တာနဲ့ပဲ သူ အားကစား မလုပ်လိုက်ရပါဘူး။
တချို့မိန်းကလေးတွေအတွက် အလှအပ ဆိုတာ ငွေနဲ့ ဝယ်ထားတာပါ။ လှဖို့ ဆိုတာ ငွေလည်း လိုက်နိုင်ရပါတယ်။ မဖြစ်နိုင်တဲ့ အခြေအနေရှိတဲ့ လူတစ်ယောက်ကို အတင်း gym ဆော့ဖို့ တိုက်တွန်းတာတွေ မိတ်ကပ် ပြင်ခိုင်းတာတွေ ဆိုရင် မတတ်နိုင်သူအတွက် အားငယ်ရာကနေ သိမ်ငယ်စိတ်ကြောင့် ဝမ်းနည်းလာနိုင်ပါတယ်။
လောကမှာ ရုပ်ချောမှ လူရာသွင်းတဲ့ လောကထဲ ရုပ်ဆိုးတာ မဟုတ်တောင် ရုပ်မချောတဲ့ မိန်းကလေးတွေဟာ ချေနင်းဖတ်က ဖုန်တစ်စက် လောက်တောင် အသုံးမကျဘူး ဖြစ်နေပါတယ်။
ယောက်ျားလေးတွေလည်း ဒီလိုပါပဲ။ six pack မှ မရှိတော့ရင် ဗိုက်ပူနေရင် လူရာသွင်း မခံရတာမျိုးပေါ့။ ကိုရီယား မင်းသားလေးလိုမှ မဟုတ်ရင် ဘေးချိတ် ခံထားရတာ မျိုးပေါ့။
လောကမှာ အိမ်မှာ အိမ်သန့်ရှင်းရေး မနိုင်နင်းလို့ ပွရှုပ် ညစ်ပတ်နေပေမယ့် အပြင်ထွက်တဲ့အခါ မင်းသမီးရှုံးအောင် ကျော့ကော့နေတဲ့ လူတွေ တပုံကြီးပါ။
လူတစ်ယောက်ရဲ့ တကယ့် အရည်အချင်းက ဘာလဲ လို့ သေချာမသိခင် တွေ့လိုက်တာနဲ့ တန်းပြီး ဝလိုက်တာ ပိန်လိုက်တာ နဖူးပြောင်လိုက်တာ အစရှိသည်ဖြင့် မပြောမိကြဖို့ပါပဲ။ ဝဋ်ဆိုတာ တကယ် ဘဝမကူးဘူးလေ။
ပြီးတော့ သင်တို့ သဘောကျတဲ့ six pack တစ်ခုဟာ သင့်ဘဝအတွက် အာမခံမှုကောင်းတဲ့ အားကိုးယုံကြည် ရလောက်တဲ့ လူ ဖြစ်မှာ သေချာပါ့မလား။ သင် သဘောကျတဲ့ တင်ပါးကြီးကြီး ရုပ်ချောချော မိန်းမတစ်ယောက်ဟာ အိမ်ထောင်ထိန်းသိမ်းမှု နိုင်နင်းပြီး ထမင်းချက်ကျွေးမှာ သေချာပါ့မလား။
အပြင်မှာ ဝယ်စားမယ် ဆိုတဲ့ လူမျိုးတွေနဲ့ အဲ့လို ခန္ဓာကိုယ်လည်းလှ၊ အရာရာ ပြည့်စုံပြီး အိမ်ထောင်မှု နိုင်တဲ့ လိမ္မာတဲ့ လူတွေလည်း ရှိနေပါတယ်။ လူတိုင်းကို ဆိုလိုတာ မဟုတ်ပါဘူး။
မိန်းကလေး တစ်ယောက်ကို ဖြစ်ဖြစ် ယောက်ျားလေး တစ်ယောက်ကို ဖြစ်ဖြစ် တွေ့လိုက်တာနဲ့ တန်းပြီး နှိပ်ကွပ်ဖို့ မစဉ်းစားပါနဲ့။ သူ့ ခန္ဓာကိုယ်ကို ဝေဖန်ဖို့ မစဉ်းစားပါနဲ့။
သင် ပါးစပ်ဟ လိုက်တာနဲ့ သင့်ကို နောက်ထပ် လူဆယ်ယောက် လောက်က နောက်ကွယ်မှာ သင့်အပြစ်တွေကို ပြောနေကြပြီမို့ပါ။
credit to သုတေးစစ်
Post a Comment